Thursday, September 4, 2008

အညာစကား

 ဒီပို့စ်လေးကို မတန်ခူးရဲ့ လေနုအေး blog မှ ပြန်လည်ကူးယူဖော်ပြပါတယ်ရှင် ။ 


“ကျူကျူဝါလားလေး စားချင်သာ”

အဲဒီလို ကျွန်မက ဆိုရင် လူတော်တော်များများက ဘာကြီးများ စားချင်နေတာလဲ ဆိုပြီး နားလည်နိုင်မှာ မဟုတ်။ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းတဲ့။ အထက်အညာဒေသက မြန်မာလူမျိုးစစ်စစ်များ ပြောသည့် တချို့ ဝေါဟာရတွေကို မြန်မာလူမျိုးအချင်းချင်းပင် နားမလည်နိုင်။ ကျူကျူဝါလားဆိုတာ ကျွန်မတို့ တောင်သာ၊မြင်းခြံနယ်မှာ စာလေးခွေကို ခေါ်ခြင်းဖြစ်သည်။ ဘာကြောင့်အဲဒီလို ခေါ်လဲတော့ ကျွန်မလဲ မသိ။ ဒါပေမယ့် စိတ်ဝင်စားစရာတော့ အကောင်းသားနော်။

ကျွန်မက ရန်ကုန်မှာမွေးတဲ့ အညာသူ။ ရန်ကုန်လို နေရာမှာ လေယူလေသိမ်း ခပ်လေးလေးနဲ့  အားရပါးရ ပြောတတ်တဲ့ အညာသူ အညာသားတွေ မကြာခဏ တွေ့ ရတတ်သည်။ အဲဒီအခါတိုင်း ကျွန်မရော ကျွန်မအဖေရောက မနေနိုင်။ စိတ်ထဲက အရမ်းရင်းနှီးပြီး အညာက မိုလားလို့  စမိတ်ဆက်တတ်သည်။ “ကျူပ်တော့ နိုဝင်ဘာ ခွင် လောက် ပြန်မယ်စိတ်ကူးသာပဲ”။ သေချာပြီ။ ဒီလူ အညာသား။ “ခုနှစ်” ကို “ခွင်” လို့ ဆိုတတ်သလို “တာ” ကို “သာ”လို့ သာ သုံးတတ်သည်မှာ အညာသူအညာသား တော်တော်များများပင်။

ကျွန်မက အညာလေသံ အရမ်း မပေါက်ပေမယ့် တချို့  အညာအသုံးအနှုန်းများကို ကြားရမှ သူငယ်ချင်းတွေက အထူးအဆန်းဖြစ်ကြသည်။ “ငါ့အကျီင်္ကြည်သီးပြုတ်သွားလို့ ” ဆိုလျှင် သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသည်။ ပြီးလျှင် မှားနေတယ် ကြယ်သီးလို့  ပြန်ပြင်ပြောလို့  သင်ပေးကြလဲ အချိန်တန် ကြည်သီး ပြန်ဖြစ်သွားသည်။ “ဘွဲ့ ယူတုန်းက ဂျိတ်လုံချည် အ၀ါလေးဝတ်တာ” လို့ ဆိုလျှင် ကျွန်မ ပါးစပ်ထဲမှ ချိတ်ကနေ ဂျိတ်ဖြစ်သွားသည်ဆို ပွဲကျလို့ မဆုံး။ “ဂယ်လယ်ပဲဟင်း” ကိုတော့ ကျွန်မအမျိုးသားက “ကလယ်ပဲ”(ကုလားပဲ) ဘယ်လောက်ပြင်ပေးပေး မရ။ အကျင့်ပါပြီး ဖျောက်ရခက်တာက တကြောင်း ကျွန်မကိုယ်တိုင်က အဲဒီလို ပြောရဆိုရတာကို မြတ်နိုးအားရသည်က တကြောင်းပေါ့။

ကျွန်မ ဆွေမျိုးတွေက အညာမှာနေ အညာမှာကြီးသူတွေ ဆိုတော့ တကယ့်အညာစကား စစ်စစ်တွေသာ ပြောကြသည်။ “င့ါကို ဒုတ်ခညောင်းလေးရှာပေးစမ်းပါအေ… မီးမွှေးချင်လို့ ” ဆိုတဲ့ ကျွန်မ အဒေါ်စကားကို ကျွန်မက နားလည်စွာ ဒုတ်ချောင်းလေးရှာပေးရသည်။ “ဟဲ့ … ပိန်ညှောင်ကြီး… ဟိုမယ်.. ပိန်ညှောင်ကြီး”… တလွဲမထင်ပါနဲ့ ။ ပိန်ညှောင်ညှောင်လူကို ဆိုလိုခြင်း မဟုတ်။ မျက်နှာကျက်က အိမ်မြှောင်ကို ဆိုလိုခြင်းပါ။ “ညည်း အိတ်ထောင်ထဲ အကြွေမရှိဘူးလား”… ထောင်နေတဲ့အိတ်မဟုတ်ပါ။ အက်ီီီၤအိတ္ကပ္ပါ။ “ညည်းတို့ ဆီက ချဉ်စော်ကား များအားမရပါ့အေ… စားရတာဖွယ်တယ်တယ်ကြီး”… တို့ ဘူး ကို
ချဉ်စော်ကားလို့ သာ ခေါ်တတ်ကြသည်။ “ကျွန်တော်တို့ က မန်းလေးကို ဗိုရင် ရောက်သာတော့… ခင်ဗျားတို့ နောက်ကျချက်ရက်စက်သယ်… ဘိတ်ဆုံးပဲ ”… အရင်ဆုံးကို ဗိုရင်၊ နောက်ဆုံးကို ဘိတ်တဲ့။ မန္တလေးကို မန်းလေးလို့ သာ နှုတ်စွဲသည်။

ဟိုတနေ့ က ကျွန်မညီမက “ဟယ်…ဟိုမယ်.. အကြော်ပန်းတွေ လှချက်တော့” လို့ ဆိုတော့ ဘေးက ရန်ကုန်သူ မျက်စိလည်သွားသည်။ ဘယ်နှယ့်.. အကြော်က ပန်းဖြစ်ရတယ်ပေါ့။ တရုတ်စကားပန်းလေးတွေက အကြော်ပန်းလို့ အညာမှာ နာမည်တွင်သည်လေ။ “မီးပူတိုက်” သည်ကို “မီးအိုးထိုး” လို့  အားရပါးရဆိုတတ်တာက အမှတ်တမဲ့ဆို ကြောက်စရာ။ “ဟိုကောင့်ကြည့်ပါဦး… ဂိုက်ပေးကြမ်းသာ”… ရန်ကုန်လို ဘာသာပြန်ရင် ဟိုကောင်… ပဲများလိုက်တာပေါ့။

အဲဒီလို အားရပါးရ ပြောတတ် ခေါ်ဝေါ်သုံးစွဲတတ်သည့် အညာစကား၊ အညာလေသံလေးတွေကို ကျွန်မ ဘယ်နေရာ ရောက်ရောက် မေ့လို့ မရပါ။ ဆိုင်တခုခုမှာ ထိုင်ဖြစ်တာပဲ ဖြစ်ဖြစ်၊ အလှူတခုခုမှာ တွေ့ ရတာပဲ ဖြစ်ဖြစ် ကျွန်မ ရင်းနှီးနေသည့် ဒီလေယူလေသိမ်း ဒီအသုံးအနှုန်းလေးများ ကြားလိုက်ရရင် ဝေးနေတာ ကြာနေတဲ့ ဆွေမျိုးတွေ ပြန်တွေ့ ရသလို မနေနိုင်မထိုင်နိုင် အတင်းလိုက် မိတ်ဆက်… အနည်းဆုံး အညာက ထင်တယ်နော်လို့  တခွန်းလောက်ပြောလိုက်ရမှ ကျေနပ်တာ ကျွန်မကိုယ်ထဲမှာ စီးဆင်းနေတဲ့ အညာသွေးတွေ ကြောင့်ထင်ပါရဲ့နော်။

No comments:

Post a Comment

မှတ်ချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်