Showing posts with label ရှေ့နေလောက. Show all posts
Showing posts with label ရှေ့နေလောက. Show all posts

Sunday, August 10, 2008

ရှေ့နေအကြောင်း

ရှေ့နေဆိုတာနဲ့ လူအများစုက အမြင်မကြည်ကြဘူး။

ရှေ့နေဆိုတာနဲ့ ကတ်သတ်သူ၊ ကတ်ဖဲ့သူ၊ ငိုစားရယ်(ရီ)စား၊ လျှာနှစ်ခွ၊ လျှာအရိုးမရှိသူ ......... အမျိုးမျိုးပြောကြပါတယ်။ တရားရေးဝန်ထမ်းထဲမှာတောင် ရှေ့နေဆိုရင် သူများထက်ပိုပြီး အပြောအဆိုခံရပါတယ်။

ဘယ်လောက ဘယ်အလွှာမှာပဲဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိစမြဲပါပဲ။ မကောင်းတဲ့သူတချို့အတွက် အားလုံးကို သိမ်းကျုံးပြောဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ဒါပေမဲ့ ရှေ့နေလောက ကတော့ တခြားအသိုက်အဝန်းတွေထက် အပြောခံလာရတာ ဟိုးရှေးပဝေဏသီကတည်းကပါပဲ။ ဒါဟာလည်း မြန်မာနိုင်ငံတင်မကဘူး ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ ရှေ့နေဆိုတာက ပြောဆိုကဲ့ရဲ့ခံရဆုံးပါပဲ။ ပညာနဲ့အသက်မွေးဝမ်းကျောင်းသူချင်းတူတူမှာ ရှေ့နေက ဒီလောက်တောင်ပြောဆိုခံနေရတာ ဘာကြောင့်ပါလိမ့်။

တကယ်ဆို ရှေ့နေတွေ မကောင်းဘူးလို့ ပြောလေ့ရှိသူများဟာလည်းပဲ ရှေ့နေနဲ့ မပတ်သတ်ပဲ ကင်းကင်းနေလို့ရတယ်ရယ်လို့ မရှိပါဘူး။ တကွေ့မဟုတ်တကွေ့တော့ ပတ်သတ်အားကိုးရတာပါပဲ ။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရ ဆိုတာရှိသလို လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေလို့လည်း ဆိုကြတယ်မဟုတ်ပါလား။ ဖျားနာ နေမကောင်းတဲ့အခါ ဆရာဝန်ဆီသွားရသလိုပဲ အမှုအခင်းတစ်ခုရှိလာပြီဆိုရင်လည်း မိမိက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှေ့နေကိုတော့ အပူကပ်ရတာပါပဲ ။ ရှေ့နေကလည်း ကိုယ့်ကို အလုပ်လာအပ်တဲ့ အမှုသည်က မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ်သင်ယူတတ်မြောက်ထားတဲ့ ဥပဒေပညာနဲ့ ဥပဒေဘောင်ထဲကနေ ဥပဒေကြောင်းအရ အတတ်နိုင်ဆုံး ကူညီပေးရတာပါပဲ ။အနည်းဆုံး အရောင်းအဝယ်ကိစ္စတွေလုပ်ရင်တောင်မှ ဥပဒေနဲ့ညီဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ရှေ့နေက လိုအပ်တာပါပဲ။ အကျင့်တန်တဲ့ ရှေ့နေ၊ မကောင်းတဲ့ရှေ့နေတွေရှိသလို
တကယ်ကို တော်တည့်မှန်ကန်တဲ့ ရှေ့နေတွေ အများကြီးရှိတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး ။

တကယ်တော့ လူအဖွဲ့အစည်းမှာ တရားဥပဒေဆိုတာ လိုအပ်လို့ရှိနေတာပါ။ လောကပါလတရား(လောကကိုစောင့်ရှောက်သောတရား)နဲ့ မလုံလောက်တဲ့ လူအဖွဲ့အစည်းမှာ ရှိကို ရှိရမှာပါ။ သက်ဆိုင်ရာ ဘာသာရေးအဆုံးအမ နဲ့ လူကြီးမိဘသြဝါဒတွေနဲ့လည်း မလုံလောက်လို့သာ အထိန်းအကွပ်အနေနဲ့ ဥပဒေတွေ သတ်မှတ်ပြဌာန်းပေးထားရတာပါ ။ တရားဥပဒေ လိုအပ်ပါမှတော့ တရားရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း နဲ့ ပညာရှင်တွေဆိုတာကတော့ ပြောနေစရာ မလိုတော့ပါဘူး။ တရားရုံး၊ တရားသူကြီး၊ ရှေ့နေ၊ တရားရေးဝန်ထမ်း၊ ရဲစခန်း၊ အကျဉ်းထောင်တွေကလည်း လူသတ္တဝါရဲ့မူလ အရိုင်းစိတ်တွေကို ထိန်းသိမ်း ၊နှိပ်ကွပ်ဖို့ လောကလူ့ဘောင်ကြီး လုံခြုံ အေးချမ်း သာယာစေဖို့အတွက်ရှိနေတာပါ။ အဲ့ဒီလို ရှိနေတာတောင် နေ့စဉ်နဲ့အမျှ အမှုအခင်း၊ အရှုပ်အရှင်းတွေ တိုးပွားလာနေဆဲပါပဲ။ ရှိများသာ မရှိရင်တော့ မတွေးဝံ့စရာပါ ။ ထန်းရည်မူးတဲ့သူကို သူကြီးက ထိပ်တုံးခတ်ရုံလောက်ဆိုတဲ့ ခေတ်အခါမျိုးမှ မဟုတ်ပဲလေ။ ခုလို ဗြဟ္မာစိုရ်တရား ခေါင်းပါးပြီး အတ္တကိုယ်စီနဲ့ ဖြစ်နေကြတဲ့ ခေတ်အခါကြီးမှာ ဥပဒေဆိုတာ ပိုလို့တောင် လိုအပ်နေပါသေးတယ် ။
ဒါကြောင့် ဥပဒေဘောင်အတွင်းမှာ နေထိုင်လိုကြတဲ့ လူသားတွေအတွက် အမှုအခင်းအရေးအရာတွေကို ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ ဥပဒေဝန်ထမ်း ရှေ့နေကောင်းများသည်လည်း အမှန်ပင်လိုအပ်ပါကြောင်း ။

မှတ်ချက်။
တရားသောမင်း၊ တရားသော အစိုးရအုပ်ချုပ်သော တိုင်းနိုင်ငံတွင်သာ တရားဥပဒေစိုးမိုးနိုင်ပြီး တိုင်းနိုင်ငံအေးချမ်းသာယာကာ တရားရေးဆိုင်ရာ ဝန်ထမ်းများသည်လည်း နာမည်ကောင်း မျက်နှာကောင်းရကြပါလိမ့်မယ် ။
မှတ်ချက်ရဲ့ မှတ်ချက်။
တကယ်သာ လေးစားလောက်တဲ့ အစိုးရနဲ့ လေးစားလောက်တဲ့ တရားဥပဒေသာ စိုးမိုးမယ်ဆိုရင် တို့ရှေ့နေတွေ အလုပ်ပါးလို့ ငတ်ရချည်ရဲ့နော် ။
pika21
ရှေ့နေ ငတ်ရိုး ထုံးစံ မရှိ