Tuesday, September 30, 2008

ကိုယ်တိုင်ဝန်ခံချက်

ကိုယ်တိုင်ကမရေးတတ်တော့လဲ သူများဘလော့တွေသွားဖတ်လိုက်၊ ကိုယ်ကြိုက်ရင် ကိုယ့်ဘလော့မှာတင်လိုက်၊ ဒါတွေနဲ့ပဲ ကျေနပ်နေရတာ။ အရင်တုန်းကတော့ ဘလော့နဲ့ ပတ်သက်ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက် တိုးတိုးဖော်လေးရှိတယ်။အခုတော့ အဲဒီကတုံးကလဲ ဘယ်သဝေထိုးနေမှန်းမသိတော့ သိပ်အဆင်မပြေဘူးပေါ့။ ဒါပေမယ့် အားမငယ်ပါဘူး၊ ကိုယ်ထင်ရာ ကိုယ်လုပ်လိုက်တာပဲ။ အခုလဲ ဒီစာလေး တင်ဖို့အရေး လူတကာကို လိုက်မေးနေရတာ။ မမိုက်သေးဘူး မိုးည..နင်လိုတာတွေ အများကြီးပဲ လို့ ကိုယ့်ကိုယ်ကိုပဲ ဒေါသတွေထွက်မိနေတာ။ ဒီကြားထဲ ကွန်နက်ရှင် ကလဲ တက်လိုက်ကျလိုက်နဲ့ ..ဟွန်း နာတော့မယ် ဒီကွန်နက်ရှင်တော့..။ဘလော့မှာ အသစ်မတင်ရင်လဲ မိုးည နင်အပျင်းကြီးလှချည်လား? ဘာလုပ်နေတာလဲ လို့ ပြောခံရသေးတယ်။ သူတို့က မသိလို့ ပြောနေကြတာ.. မြန်မာနိုင်ငံက ကွန်နက်ရှင်က ဘယ်လိုဆိုတာကို..ပြောပြန်ရင်လဲ မိုးညလွန်ရာကျအုံးမယ်။ မယုံရင် မနိုင်းနိုင်းစနေကိုမေးကြည့်..ဟိဟိ :P မနိုင်းနိုင်းရဲ့စာတွေကိုပဲ ဖတ်ဖြစ်တာများတော့ သှူ့ဆီက ကူးတာများတာပေါ့..ဟဲဟဲ။ ဟိုတခါတုန်းက တွေးတွေးပြီးရယ်ဆိုတဲ့ဟာသတွေထဲက ကင်းခြေများ ဟာသလေးကို တင်မလို့ ကွန်နက်ရှင်မကောင်းတာနဲ့ နောက်ရက်မှပဲ တင်ပါတော့မယ်လေဆိုပြီး အိမ်ကိုပြန်ခဲ့လိုက်တာ..နောက်ရက်တင်မလို့ မနိုင်းနိုင်းဘလော့ကို သွားမိပါတယ်.. မနိုင်းနိုင်းက ဖြေရှင်းစရာဟာသဆိုပြီး ရှင်းထားပါလေရော။ ကိုယ်ပါ သူ့ဟာသကို တင်ရမလား မတင်ပဲ နေလိုက်ရမလားကို မသိတော့ဘူး။ ကျတော်ကတော့ ကိုယ်တိုင်ရေးတာ မဟုတ်ရင် ဘယ်သူ့ဘလော့ထဲက ကူးယူတင်ပြပါတယ်လို့ ရေးပါတယ်ဗျာ။ အခုလဲ မနိုင်းနိုင်းစနေရဲ့ဘလော့ထဲက ကူးယူတင်ပြတာပါ.."ငါးမျက်စိထဲက အချစ်" တဲ့။ ကြိုက်ကြမလားတော့ မသိဘူး။ ကျတော်ကတော့ ကြိုက်တယ်တော့။ ကျတော်ဆိုလို့ ကျတော့်ကိုယောကျာင်္းလေးလို့ မထင်ပါနဲ့။ မိုးည က မုံရွာသူလေးပါ။ အညာသူစစ်စစ်လေးပါတော် :)

ငါးမျက်စိထဲက အချစ်

သူမနဲ့ ချစ်သူ ပထမဆုံးအကြိမ် ထမင်းအတူ စားကြတဲ့အရာက ပင်လယ်စာဖြစ်တယ်။ အော်.. မဟုတ်သေးဘူး.. ချစ်သူ မဟုတ်ဘူး.. ရည်းစားဟောင်းဆိုရင် ပိုမှန်လိမ့်မယ်။

အဲဒီတုန်းက သူမဘွဲ့ရပြီးစ၊ သူမ စကားနည်းတယ်၊ အရှက်ကြီးတယ်၊ အမြဲတမ်း ပြုံးရီနေတတ်တယ်။

ငါးတစ်ကောင်… ဘာငါးအမျိုးအစားမှန်း မသိတဲ့ ငါးဟင်းတစ်ပွဲက အဲဒီနေ့ စားပွဲပေါ်မှာ တစ်ပွဲတည်းသော ဟင်းအဖြစ်ရောက်နေခဲ့တယ်။ ငါးကို စမစားခင် ချစ်သူက ငါးမျက်စိကို ယူပြီး သူမကို ကမ်းပေးရင်း “ငါးမျက်စိကို ကြိုက်လား?” လို့ မေးတယ်။

ငါးမျက်စိကို သူမ လုံးဝမစားဖူးဘူး.. ဒါပေမယ့် ချစ်သူရဲ့ တရေးတယူ အမေးကို မငြင်းရက်ခဲ့လို့ ရှက်ကိုးရှက်ကန်းနဲ့ သူမ ခေါင်းညိတ်လိုက်မိတယ်။ ငါးမျက်စိကို သူအရမ်းကြိုက်ကြောင်း ချစ်သူက ပြောတယ်။ ကလေးဘဝ ငါးဟင်းစားတဲ့အခါတိုင်း အဘွားက ငါးမျက်စိကို သူ့အတွက် အမြဲချန်ထားတတ်တယ်။ ငါးမျက်လုံးစားရင် အမြင်ကြည်တယ်၊ စိတ်ကြည်တယ်လို့ အဘွားက ပြောတယ်။ အဘွားဆုံးပြီးနောက် သူ့ကို ဘယ်သူကမှ ငါးမျက်စိ မကျွေးတော့ကြောင်း ချစ်သူက ပြောပြတယ်။

တကယ်တမ်း ပြောရရင် ငါးမျက်စိက စားရတာ အရသာမရှိကြောင်း ချစ်သူက ရီရင်းပြောတယ်။ သူငယ်ငယ်လေးကတည်းက အလိုလိုက် ချစ်ခဲ့တဲအဘွားကြောင့် ငါးဟင်းစားတိုင်း ငါးမျက်စိဟာ သူ့အတွက်ပဲ ဖြစ်ခဲ့ရတယ်လို့ ချစ်သူက ရှင်းပြတယ်။ နောက်ဆိုရင် ငါးမျက်စိဟာ သူမအတွက်ပဲ ဖြစ်ရတော့မယ်၊ သူမကိုလည်း သူအလိုလိုက် ချစ်နှစ်သက်မယ်လို့ သူမမျက်နှာကို ငေးစိုက်ကြည့်ရင် နှစ်နှစ်လိုလိုနဲ့ ချစ်သူကဆိုတယ်။

ဘာကြောင့် ငါးမျက်လုံးဟာ အလိုလိုက်ချစ်ခင်ခြင်းကို ဖော်ဆောင်သလဲဆိုတာကို သူမနားမလည်ခဲ့ဘူး။ သူမ နားလည်၊ မလည်တာကို အပထား ချစ်သူနဲ့ ငါးဟင်းစားတိုင်း ချစ်သူက သူမကို ငါးမျက်စိ အရင်ကျွေးတတ်တယ်။ ငါးမျက်စိ စားနေတဲ့ သူမကို တမြတ်တနိုး ငေးကြည့်နေတတ်တယ်။ တဖြေးဖြေး သူမ အကျင့်ပါလာခဲ့တယ်။ ငါးစားတိုင်း ချစ်သူခွံကျွေးလာမယ့် ငါးမျက်စိကို နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟပြီး သူမ စောင့်နေတတ်ခဲ့တယ်။

ချမ်းအေးတဲ့ ဆောင်းရာသီတစ်ခုမှာ သူမနဲ့ ချစ်သူ လမ်းခွဲခဲ့ကြတယ်။ အဲဒီတုန်းက မြို့ငယ်လေးတစ်ခုမှာ အိမ်တစ်လုံးကို ချစ်သူဝယ်ခဲ့ပြီး သူမနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တယ်။ မြို့ငယ်လေးမှာ သူမ မနေနိုင်ဘူး၊ သူမလိုချင်တဲ့ ဘဝက ဒီမြို့ငယ်လေးမှာ မဟုတ်ဘူးလို့ မျက်ရည်တွေနဲ့ ချစ်သူကို သူမငြင်းခဲ့တယ်။ သူမရုပ်ရည်၊ သူမရဲ့ပညာ၊ သူမရဲ့ အဆင့်အတန်းက ဒီမြို့ငယ်လေးနဲ့ မထိုက်တန်တဲ့အကြောင်း၊ သာမန်ဝန်ထမ်းဘဝနဲ့ ဒီမြို့ငယ်မှာ သူမဘဝကို မြုပ်နှံ့မထားချင်တဲ့အကြောင်းကိုတော့ ချစ်သူကို သူမ ပြောမပြခဲ့ဘူး။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး သူမလည်း အလုပ်လုပ်နိုင်ကြောင်း၊ ငယ်စဉ်ဘဝက မက်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ချစ်သူကို သူမ ကျောခိုင်းလိုက်တယ်။ မြို့ငယ်လေးကို ခွာဖို့ သူမကို ချစ်သူလိုက်ပို့တော့ သူမစိတ်က ပြတ်ပြတ်သားသားပဲ ချစ်သူကို လုံးဝနောက်ပြန် မကြည့်ခဲ့ဘူး။

ဒီလိုနဲ့ နွေ၊ မိုး၊ ဆောင်း အလီလီပြောင်းခဲ့တယ်။ သူမရဲ့ အိပ်မက်ကိုလည်း ထုထည်အခိုင်အမာနဲ့ တည်ဆောက်နိုင်ခဲ့တယ်။ ကုမ္ပဏီတစ်ခုကို သူမ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထီးကျန်တဲ့ နေ့ရက်တွေက သူမအပါး မခွာခဲ့ပါဘူး။ နောက်တစ်ယောက်ကို ထပ်ချစ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူမကိုယ်သူမ သိတယ်။ ဒီနှစ်တွေအတွင်းမှာ ညစာစားပွဲ ပေါင်းစုံကို သူမတက်ခဲ့ဖူးပါတယ်။ စားပွဲတိုင်းမှာလည်း ငါးဟင်းက ပါစမြဲပဲ။ ဒါပေမယ့် ဘယ်သူကမှ သူမအတွက် ငါးမျက်စိကို မကျွေးခဲ့ဖူးပါဘူး။ စားပွဲပြီးတိုင်း ခုံပေါ်တင်ကျန်ခဲ့တဲ့ ငါးမျက်စိကို သူမ နောက်ပြန်လှည့်ကြည့်တတ်ခဲ့တယ်။

မမျှော်လင့်တဲ့ အခွင့်အရေးတစ်ခုကြောင့် နေခဲ့ဖူးတဲ့ မြို့ငယ်လေးကို သူမရောက်ခဲ့တယ်။ ချစ်သူနဲ့ ခဏသာတွေ့ပြီး အိမ်ထောင်ကျနေပြီလို့ထင်တဲ့ သူမကို ချစ်သူက ထမင်းဖိတ်ကျွေးခဲ့တယ်။ သူမအတွက် ရည်ရွယ်ထားခဲ့ဖူးတဲ့ အိမ်လေးမှာပဲ သူမကို ဧည့်ခံခဲ့တယ်။ အဲဒီည ထမင်းဝိုင်းမှာ ချစ်သူရဲ့ဇနီးက ငါးဟင်းကျွေးခဲ့တယ်။ သူမအတွက် ငါးအသားတွေကို ချစ်သူထည့်ပေးပြီး ငါးမျက်စိကိုတော့ ချစ်သူက ဇနီးအတွက် ထည့်ပေးလိုက်တယ်။ တစ်ယောက်တည်း အပြင်မှာ ရုန်းကန်ခဲ့တုန်းက ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ အခက်အခဲ ကြုံပါစေ သူမ မျက်ရည်မကျခဲ့ဖူးဘူး။ ခုတော့ သူမ မျက်ရည်ကျမိပါတယ်… ချစ်ခြင်းတွေ သိုဝှက်ထားတဲ့ ငါးမျက်စိတစ်စုံက သူမနဲ့ မထိုက်တန်ခဲ့ပြီလေ…

Saturday, September 13, 2008

မညလေးရဲ့ ပ၀ါပါး ဆိုတဲ့ကဗျာလေးဟာ မိန်းကလေးတွေရဲ့ အချစ်ကို ခံစားတင်ပြထားတာပါ..မိုးညလဲကြိုက်လို့ ဒီကဗျာလေးကို သူငယ်ချင်းများအတွက် တင်ပြလိုက်ပါတယ်..

သံယောဇဉ် နွယ်တစ်ပင်
အမျှင်တန်းလေပြီမို့
ရှုပ်ထွေးမှာ စိုးမိတာကြောင့်
နှလုံးသားယက်ကန်းစင်မှာ
ယက်ဖွဲ့ထားလိုက်တယ်။

နွယ်မျှင်လိုရစ်ပတ်
ရုန်းမရအောင် ချည်နှောင်ပြီးမှ
တစ်ရွာသားဆိုတဲ့အသိကြောင့်
လူသိမခံဝံ့တဲ့ မေ့အချစ်ကို
ပ၀ါပါးလေး ချခဲ့တယ်.....။

ကိုမိုးညိုရဲ့ blog ထဲက ဆက်ထုံးသစ် ဆိုတဲ့ကဗျာလေးကို အရမ်းကြိုက်လို့ တင်ပြလိုက်ပါတယ်ရှင်..

`--------------------------------------´
`-------|-------- ဖြတ် ------|--------´
`---x--- ဆက် ---x---´
@ ရစ် @
& ပတ် &
( တင်း )
) ကျပ် (
~ နှောင် ~
+ တွယ် +

`------x-----x-----x-------´
...
သံသရာငယ်များ
...
..
.
ချစ်ရလေတယ်ကွယ် ။
`---x---x---x---´

Thursday, September 4, 2008

အညာစကား

 ဒီပို့စ်လေးကို မတန်ခူးရဲ့ လေနုအေး blog မှ ပြန်လည်ကူးယူဖော်ပြပါတယ်ရှင် ။ 


“ကျူကျူဝါလားလေး စားချင်သာ”

အဲဒီလို ကျွန်မက ဆိုရင် လူတော်တော်များများက ဘာကြီးများ စားချင်နေတာလဲ ဆိုပြီး နားလည်နိုင်မှာ မဟုတ်။ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းတဲ့။ အထက်အညာဒေသက မြန်မာလူမျိုးစစ်စစ်များ ပြောသည့် တချို့ ဝေါဟာရတွေကို မြန်မာလူမျိုးအချင်းချင်းပင် နားမလည်နိုင်။ ကျူကျူဝါလားဆိုတာ ကျွန်မတို့ တောင်သာ၊မြင်းခြံနယ်မှာ စာလေးခွေကို ခေါ်ခြင်းဖြစ်သည်။ ဘာကြောင့်အဲဒီလို ခေါ်လဲတော့ ကျွန်မလဲ မသိ။ ဒါပေမယ့် စိတ်ဝင်စားစရာတော့ အကောင်းသားနော်။

ကျွန်မက ရန်ကုန်မှာမွေးတဲ့ အညာသူ။ ရန်ကုန်လို နေရာမှာ လေယူလေသိမ်း ခပ်လေးလေးနဲ့  အားရပါးရ ပြောတတ်တဲ့ အညာသူ အညာသားတွေ မကြာခဏ တွေ့ ရတတ်သည်။ အဲဒီအခါတိုင်း ကျွန်မရော ကျွန်မအဖေရောက မနေနိုင်။ စိတ်ထဲက အရမ်းရင်းနှီးပြီး အညာက မိုလားလို့  စမိတ်ဆက်တတ်သည်။ “ကျူပ်တော့ နိုဝင်ဘာ ခွင် လောက် ပြန်မယ်စိတ်ကူးသာပဲ”။ သေချာပြီ။ ဒီလူ အညာသား။ “ခုနှစ်” ကို “ခွင်” လို့ ဆိုတတ်သလို “တာ” ကို “သာ”လို့ သာ သုံးတတ်သည်မှာ အညာသူအညာသား တော်တော်များများပင်။

ကျွန်မက အညာလေသံ အရမ်း မပေါက်ပေမယ့် တချို့  အညာအသုံးအနှုန်းများကို ကြားရမှ သူငယ်ချင်းတွေက အထူးအဆန်းဖြစ်ကြသည်။ “ငါ့အကျီင်္ကြည်သီးပြုတ်သွားလို့ ” ဆိုလျှင် သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသည်။ ပြီးလျှင် မှားနေတယ် ကြယ်သီးလို့  ပြန်ပြင်ပြောလို့  သင်ပေးကြလဲ အချိန်တန် ကြည်သီး ပြန်ဖြစ်သွားသည်။ “ဘွဲ့ ယူတုန်းက ဂျိတ်လုံချည် အ၀ါလေးဝတ်တာ” လို့ ဆိုလျှင် ကျွန်မ ပါးစပ်ထဲမှ ချိတ်ကနေ ဂျိတ်ဖြစ်သွားသည်ဆို ပွဲကျလို့ မဆုံး။ “ဂယ်လယ်ပဲဟင်း” ကိုတော့ ကျွန်မအမျိုးသားက “ကလယ်ပဲ”(ကုလားပဲ) ဘယ်လောက်ပြင်ပေးပေး မရ။ အကျင့်ပါပြီး ဖျောက်ရခက်တာက တကြောင်း ကျွန်မကိုယ်တိုင်က အဲဒီလို ပြောရဆိုရတာကို မြတ်နိုးအားရသည်က တကြောင်းပေါ့။

ကျွန်မ ဆွေမျိုးတွေက အညာမှာနေ အညာမှာကြီးသူတွေ ဆိုတော့ တကယ့်အညာစကား စစ်စစ်တွေသာ ပြောကြသည်။ “င့ါကို ဒုတ်ခညောင်းလေးရှာပေးစမ်းပါအေ… မီးမွှေးချင်လို့ ” ဆိုတဲ့ ကျွန်မ အဒေါ်စကားကို ကျွန်မက နားလည်စွာ ဒုတ်ချောင်းလေးရှာပေးရသည်။ “ဟဲ့ … ပိန်ညှောင်ကြီး… ဟိုမယ်.. ပိန်ညှောင်ကြီး”… တလွဲမထင်ပါနဲ့ ။ ပိန်ညှောင်ညှောင်လူကို ဆိုလိုခြင်း မဟုတ်။ မျက်နှာကျက်က အိမ်မြှောင်ကို ဆိုလိုခြင်းပါ။ “ညည်း အိတ်ထောင်ထဲ အကြွေမရှိဘူးလား”… ထောင်နေတဲ့အိတ်မဟုတ်ပါ။ အက်ီီီၤအိတ္ကပ္ပါ။ “ညည်းတို့ ဆီက ချဉ်စော်ကား များအားမရပါ့အေ… စားရတာဖွယ်တယ်တယ်ကြီး”… တို့ ဘူး ကို
ချဉ်စော်ကားလို့ သာ ခေါ်တတ်ကြသည်။ “ကျွန်တော်တို့ က မန်းလေးကို ဗိုရင် ရောက်သာတော့… ခင်ဗျားတို့ နောက်ကျချက်ရက်စက်သယ်… ဘိတ်ဆုံးပဲ ”… အရင်ဆုံးကို ဗိုရင်၊ နောက်ဆုံးကို ဘိတ်တဲ့။ မန္တလေးကို မန်းလေးလို့ သာ နှုတ်စွဲသည်။

ဟိုတနေ့ က ကျွန်မညီမက “ဟယ်…ဟိုမယ်.. အကြော်ပန်းတွေ လှချက်တော့” လို့ ဆိုတော့ ဘေးက ရန်ကုန်သူ မျက်စိလည်သွားသည်။ ဘယ်နှယ့်.. အကြော်က ပန်းဖြစ်ရတယ်ပေါ့။ တရုတ်စကားပန်းလေးတွေက အကြော်ပန်းလို့ အညာမှာ နာမည်တွင်သည်လေ။ “မီးပူတိုက်” သည်ကို “မီးအိုးထိုး” လို့  အားရပါးရဆိုတတ်တာက အမှတ်တမဲ့ဆို ကြောက်စရာ။ “ဟိုကောင့်ကြည့်ပါဦး… ဂိုက်ပေးကြမ်းသာ”… ရန်ကုန်လို ဘာသာပြန်ရင် ဟိုကောင်… ပဲများလိုက်တာပေါ့။

အဲဒီလို အားရပါးရ ပြောတတ် ခေါ်ဝေါ်သုံးစွဲတတ်သည့် အညာစကား၊ အညာလေသံလေးတွေကို ကျွန်မ ဘယ်နေရာ ရောက်ရောက် မေ့လို့ မရပါ။ ဆိုင်တခုခုမှာ ထိုင်ဖြစ်တာပဲ ဖြစ်ဖြစ်၊ အလှူတခုခုမှာ တွေ့ ရတာပဲ ဖြစ်ဖြစ် ကျွန်မ ရင်းနှီးနေသည့် ဒီလေယူလေသိမ်း ဒီအသုံးအနှုန်းလေးများ ကြားလိုက်ရရင် ဝေးနေတာ ကြာနေတဲ့ ဆွေမျိုးတွေ ပြန်တွေ့ ရသလို မနေနိုင်မထိုင်နိုင် အတင်းလိုက် မိတ်ဆက်… အနည်းဆုံး အညာက ထင်တယ်နော်လို့  တခွန်းလောက်ပြောလိုက်ရမှ ကျေနပ်တာ ကျွန်မကိုယ်ထဲမှာ စီးဆင်းနေတဲ့ အညာသွေးတွေ ကြောင့်ထင်ပါရဲ့နော်။